နေပြည်တော် ဖေဖော်ဝါရီ ၁၅
၂၀၂၃ ခုနှစ်၊ ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ဥပ္ပါတသန္တိစေတီတော်တွင် ဆွမ်းဆန်တော်လောင်းလှူရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့်ကော်မတီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအလိုက် စနစ်တကျဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)