မြစ်ကြီးနား ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်အမျိုးသမီးကော်မတီအနေဖြင့် ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ ဘဝမြှင့်တင်နိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး ပန်းခင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ကချင်ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်းက အမျိုးသမီးများ၏ ဘဝမြှင့်မားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များအဖြစ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းမှာကြားပြီး မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များက အမျိုးသမီးများ၏ ဘဝမြှင့်မားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အပြန်အလှန် အကြံပြုဆွေးနွေးတင်ပြသည်။
ထို့နောက် ဆွေးနွေးတင်ပြမှုများအပေါ် ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)