စစ်တွေ ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြောက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ မြို့မိ၊ မြို့ဖများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသည့် လက်ဆည်ကန်အား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အင်ဂျင်နီယာက ဆည်အတွင်းရေသိုလှောင်နိုင်မှု၊ အမြင့်ဆုံးရေအမှတ်၊ ရေပေးဝေမှု စနစ်နှင့် ရေဖြန့်ဝေပေးသည့်ရပ်ကွက်များ၏ အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိ နှိုင်းဆွေးနွေးပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်တွင် မွေးမြူရေးလုပ်ငန်းရှင် ဦးကျော်ဝင်း၏ ရွှေမင်းသမီးမွေးမြူရေးခြံ၌ နို့စားနွား (ဖရီရှန် ၅၀ ရာခိုင်နှုန်း)၂၅ ကောင်၊ (ဒေသနှင့်ဂျမူနာပါရီအစပ်) ဆိတ်(၇၀) ကောင်၊ ဥစားကြက် (၂၀၀၀) နှင့် နေပီယာမြက် ၆ ဧက မွေးမြူစိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆည်မြောင်နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြောက်ဦးမြို့နယ်၊ ပုရိန်ကျေးရွာ၌ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းဖြင့် နွေစပါးနှင့်အခြားသီးနှံများ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ် ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက မြစ်ရေတင်စနစ်ဖြင့် နွေစပါး ၁၅၀ ဧကနှင့်အခြားသီးနှံ ၅၀ ဧကဖြစ်ထွန်း အောင်မြင်နေမှုကိုရှင်းလင်းတင်ပြပြီး ဒေသခံတောင်သူများက နွေးစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ကုန်ထုတ်လမ်းများ ကောင်းမွန်ရေးလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမြို့မြစ်ရေအား မဟာဓာတ်အားစနစ်ဖြင့် ပုရိန်ကျေးရွာအတွင်းမှ ရေတွန်းစက်များအသုံးပြုကာ ရေတင်နေမှု၊ မြစ်ရေတင်စနစ်ဖြင့်နွေစပါး စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုအား တောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှုကြအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့၊ နန်းတော်ရာကုန်းအား သွားရောက်ကြည့်ရှုလေ့လာကြရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦး (ဌာနခွဲ) မှ ညွှန်ကြားရေးမှူးက နန်းတော်ရာအဆင့်ဆင့်တူးဖော်ခဲ့မှုကိုရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးက မြောက်ဦးပြတိုက်အတွင်း ခင်းကျင်းပြသထားသော ရှေးဟောင်းအမွေအနှစ် ပစ္စည်းများနှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရေး ဆောင်ရွက်နေမှုတို့ကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မြို့မိ၊ မြို့ဖများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံကြသည်။ တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြပြီး မြို့မိ၊ မြို့ဖများက သောက်သုံးရေးရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဒေသဖွံ့ဖြိုးတိုး တက်ရေး အတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏လက်ရှိအခြေအနေပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုကြိုးစား လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြောက်ဦးယဉ်ကျေးမှုဒေသသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရေခံမြေခံကောင်းသည့်ဒေသတစ်ခုဖြစ်ပြီး ခရီးသွားကဏ္ဍဖွံ့ဖြိုး ရေးအတွက်လည်း အလွန်ဆွဲဆောင်မှုကောင်းသော ဒေသတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး အတွက် ကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ဝန်ထမ်းများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးသော စောင်များနှင့်ဗလာစာအုပ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဥက္ကဋ္ဌထံပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောက်ဦးမြို့၊ သျှစ်သောင်းပုထိုးတော်ကြီးအား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ဆက်ကပ်လှူဒါန်းကြကာ ပုထိုးတော်ကြီးအတွင်း လှည့်လည်ဖူးမြော်၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
တင်ထွန်း (ပြန်/ဆက်)