မောင်တော ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး ကာကွယ်စောင့်ရှောက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စ၍ သီရိမင်္ဂလာခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြရာ နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ပါဝင်သောသမားတော်၊ ခွဲစိတ်ပါရဂူ၊ မျက်စိပါရဂူ၊ ကလေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ အထွေထွေရောဂါကုသရေး ပါရဂူများသည် ဒေသခံပြည်သူများအား မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါနှင့်ပတ်သတ်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ECG နှင့် အမ်ထရာ ဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများကို ကျန်းမာရေး ကာကွယ်စောင့်ရှောက်ဆောင်ရွက်ပေးပြီး လူနာစုစုပေါင်း(၁,၃၅၁)ဦးအား အခမဲ့ဆေးကုသမှု ပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ဆေးဝါးကုသရန် ရောက်ရှိလာသော ဒေသခံပြည်သူများအား နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အာဟာရဖြည့်စွက်စာများကို ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်
မောင်တောခရိုင် (ပြန်/ဆက်)