ဘီးလင်း ဖေဖေါ်ဝါရီ ၁၅
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနသည် ရွှေလှေကျေးရွာ၊ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်း၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ အကြောင်းအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးသူငယ်များလိုက်နာရမည့် စည်းကမ်းများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ကလေးသူငယ်များအား ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့ရေး၊ မိသားစုပေါင်းစည်းရေးလုပ်ငန်းစဉ်များ၊ ကလေးသူငယ်များ အကောင်းဆုံး အကျိုးစီးပွားရရှိနိုင်ရန်အတွက် ရပ်ရွာနှင့်ပူးပေါင်းဆောင်ရွက်သွားရေးနှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး နှင့်ဖွံ့ဖြိုးရေးလုပ်ငန်း (E.C.C.D) အသိပညာပေး အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရွှေလှေကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ကလေးမိဘများ တက်ရောက်ခဲ့ကြကြောင်းသိရ သည်။
မြို့နယ် (ပြန်/ဆက်)