ဘူးသီးတောင် ဖေဖော်ဝါရီ ၁၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အား/ကာကော်မတီနှင့် အနောက်တံခါး လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်က ဘူးသီးတောင်မြို့ မြို့မအားကစားကွင်း၌ ကျင်းပခဲ့ကြသည်။
ရှေးဦးစွာပြိုင်ပွဲဝင်အသင်းများက နေရာယူကြပြီဖွင့်ပွဲအခမ်းအနား ဖွင့်လှစ်ကာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားဝါသနာရှင်များအနေဖြင့် မူးယစ်ဆေးဝါးကင်းစင်၍ ဗလငါးတန် ဖွံ့ဖြိုး တိုးတက်သော လူငယ်မောင်မယ်များ ဖြစ်ပေါ်လာစေရန်၊ အားကစားကိုလေ့လာလိုက်စားပြီး ကျန်းမာကြံခိုင်၍ ဖျတ်လတ် တက်ကြွသော လူသားအရင်းအမြစ်များဖြစ်ပေါ်လာစေရန်၊ မြို့နယ်/ခရိုင်/ပြည်နယ်နှင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်လာစေရန် ကြိုးစားကြစေလိုကြောင်းဆိုတဲ့ မြှင့်မားသောရည်ရွယ်ချက်များနှင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားပြီး အနောက်တံခါး လူမှုကူညီရေးအသင်းနာယကမှ ဦးညီညီကပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အနောက်တံခါး လူမှုကူညီရေးအသင်းနာယကနှင့် ဌာနဆိုင်ရာ အကြီးအကဲများ က အသင်းများအား လိုက်လံနှုတ်ဆက်ပြီး အားကစားအဓိဌာန်ရွက်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါအား/ကာကော်မတီနှင့် အနောက်တံခါးလူမှုကူညီရေးအသင်း (WDAB) တို့ပူးပေါင်းကျင်းပသည့် 4th(WDAB Cup) အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် အသင်း(၁၀)သင်းတို့က အုပ်စုပတ်လည်အနေဖြင့် ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့ထိ(၁)လကြာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယရရှိမည့်အသင်းများအား (WDABCup) ဖလားချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားဦးစီးမှူး ဒေါ်ဥမ္မာသန်းထံမှ သိရသည်။
အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအသင်းများ၊ အားကစားဝါသနာရှင်များ၊ ပြည်သူများစုစုပေါင်း (၅၀၀)ဦးတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)