မြစ်ကြီးနားတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သီချင်းဆိုပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၅

မြစ်ကြီးနားတက္ကသိုလ်ရှိ ကျောင်းသား/သူများအား စာပေပညာရပ်တွင်သာမက ဘက်စုံထူးချွန်သူများဖြစ်စေရန်နှင့် အဆိုဝါသနာရှင်များအား ထူးချွန်သော အဆိုပညာရှင်များအဖြစ် မွေးထုတ်‌ပေးနိုင်ရေး တက္ကသိုလ်၏ အနုပညာလှုပ်ရှားမှု အစီအစဉ် တစ်ရပ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ သီချင်းဆိုပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြစ်ကြီးနား တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သီချင်းဆိုပြိုင်ပွဲကော်မတီဝင် ပါမောက္ခ၊ ဆရာ/ဆရာမများက မြကျွန်းညိုညို တက္ကသိုလ်သီချင်းဖြင့် သီဆိုဖျော်ပြီး ပြည်နယ်အစိုးရဖွဲ့လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ‘တက္ကသိုလ်ဟူသည် အားကစား၊ စာပေနှင့်အနုပညာ ဘက်ပေါင်းစုံ ထူးချွန်သောပုဂ္ဂိုလ်များ ပေါ်ထွက်ရာနေရာဖြစ်​ကြောင်း၊ အဆိုပြိုင်ပွဲဝင်ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာပေပညာရပ် များအား ကြိုးစားလေ့လာဆည်းပူးကာ မိမိတို့ဝါသနာပါရာ အဆိုပညာရပ်တွင်လည်း  အဆိုဝါသနာရှင်အဆင့်မှ ပညာရှင် အဆင့်သို့ရောက်ရှိအောင် အစဉ်တစိုက်ကြိုးစားအားထုတ်ကြရန် လိုအပ်​ကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

ယင်းနောက် အဆိုပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ‌‌ဒေါက်တာအောင်ဝင်းနှင့် သီချင်းဆို ပြိုင်ပွဲကော်မတီဥက္ကဋ္ဌ ဒေါက်တာချိုချိုတင့် တို့က အမှာစကားများပြောကြားကာ အကဲဖြတ်ပေးကြမည့် ကချင်အနုပညာရှင် အသင်းချုပ်မှ ဂီတပညာရှင် ဒိုင်လူကြီးများအား မိတ်ဆက်‌ပေးခဲ့ကြသည်။

ထို့နောက် သီချင်းဆိုပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ဘာသာရပ်ပေါင်းစုံမှ အဆိုဝါသနာရှင် ကျောင်းသား/သူ (၃၀) ဦးတို့က တက္ကသိုလ်နှင့်စပ်ဆိုင်သော၊ ထင်ရှားကျော်ကြားခဲ့သည့် တက္ကသိုလ် အငွေ့အသက်ရ လွမ်းမောဖွယ်တေးသီချင်းများအား အသီးသီးသီဆိုယဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆု(၂)ဆုအဖြစ် ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များအား ဆုရရှိသူများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ‌‌ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ဇနီးများ၊ ပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)