မလှိုင်မြို့နယ်၊ ဘောက်ခွေးတော(တ)ကျေးရွာရှိ သမိုင်းဝင်ဆုတောင်းပြည့် ခံကုန်းတောရတဝစေတီ ထီးတော်တင်လှူပွဲ ကျင်းပ

မလှိုင် ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဘောက်ခွေးတော(တ)ကျေးရွာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၆၀) ကျော်က တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်ဆုတေင်းပြည့် ခံကုန်းတောရတဝစေတီ ထီးတော်ကြီး၏ ထီးတော်၊ ငှက်မျက်နားတော်နှင့် စိန်ဖူးတော် အထွဋ်အသစ် တင်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က  အဆိုပါကျေးရွာရှိ စေတီတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ပေးပြီး မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ  ဘဒ္ဒန္တဥက္ကံသထံမှ ငါးပါးသီလ ခံယူခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အလှူရှင် မိသားစုတို့က ထီးတော်ကြီး၏ ဘုံအဆင့်ဆင့်နှင့် စိန်ဖူးတော်အထွဋ်တို့အား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးများ ရွတ်ဖတ်သရဇ္ဈယ်မူသည့် ပရိတ်တရားတော်များနှင့် မေတ္တာသုတ်တရားတော်များကို အတူတကွ နာယူခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှု အစုစုအတွက် ရေစက်တရားတော် ကို မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ  ဘဒ္ဒန္တဥက္ကံသထံမှပင် နာယူကာ အမျှအတန်းများ ပေဝေခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အလှူရှင်မိသားစုတို့နှင့် ဒေသခံနယ်သူနယ်သားများက ထီးတော်ကြီး၏ ဘုံအဆင့်ဆင့်ကို ပင့်ဆောင်ကာ စေတီတော်ကြီးအား လက်ယာရစ်(၃)ကြိမ် လှည့်လည်ပူဇော်ခဲ့ကြပြီး မင်္ဂလာအချိန်ဖြစ်သည့် နံနက်(၉)နာရီခွဲအချိန်တွင် မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ  ဘဒ္ဒန္တဥက္ကံသ အမှူပြုသော သံဃာတော်အပါး(၅၀)တို့ ဦးဆောင်၍ ရထားပျံဖြင့်  ထီးတော်ကြီး၏ ဘုံအဆင့်ဆင့်ကို တင်လှူခဲ့ကြသည်။ ယနေ့တင်လှူခဲ့သော ထီးတော်၊ ငှက်မျက်နားတော်နှင့် စိန်ဖူးတော်အထွဋ်တို့၏ အလှူရှင်မှာ မူဆယ်မြို့နေ ဦးစိုင်းကျော်မိုး+ဒေါ်အားဖီန်း (စုတုရှင်ကုမ္ပဏီ)မိသားစုတို့က လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ထီးတော်တင်လှူပွဲသို့ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ် အပေါင်းတို့အား နေ့လည်စားများဖြင့် ဧည့်ခံကျွေးမွေးကြခဲ့ကြောင်း သိရသည်။ ခံကုန်းတောရတဝ စေတီစေတီတော်ကြီး၏ ဉာဏ်တော်မှာ (၃၅)တောင်ခန့်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)