မန့်ဟီးရိုးမြို့ နောင်ဟင်ကျေးရွာတွင် မိုးစပါး စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာ ယခင်နှစ်များထက် စပါး အထွက်နှုန်း လျော့နည်း

 

မန့်ဟီးရိုး စက်တင်ဘာ ၂၈         

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နောင်ဟင်ကျေးရွာအုပ်စု၊ နောင် ဟင်ကျေးရွာတွင် ကျေးရွာကိုယ်စားပြု မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို တောင်သူဒေါ်မိုင်ငင်းမြ ၏လယ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက မြို့လယ်စီ/စာရင်းအင်းဌာန၊ မြို့စိုက်ပျိုးရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့် ကျေးရွာမှ တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။                     

နောင်ဟင်ကျေးရွာကိုယ်စားပြုစံကွက်များဖြစ်သော ဦးပိုင်အမှတ်(၂၆)၊ကွင်းအမှတ်(၅၄)၊ တောင်သူ ဒေါ်မိုင်ငင်းမြ ၏ လယ်ဧရိယာ(၀.၇၈)ဧကကိုလည်းကောင်း၊ ဦးပိုင်အမှတ်(၃၃)၊ကွင်း အမှတ် (၅၄)တောင်သူ ဒေါ်နန်းလှမေ၏ လယ်ဧရိယာ(၀.၅၀)ဧကကိုလည်းကောင်း မြို့လယ်စီ/ စာရင်းအင်းဌာနမှ မြေတိုင်း(၄)ဦး စုကိုကိုသက်နှင့်အဖွဲ့၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ဦးစီးဦးသန်းထွန်းဦးတို့မှ စံကွက် ရိတ်သိမ်းမည့် လယ်ကွင်းများတွင် စံနှုန်းတိုင်းတာခြင်း၊ ရိတ် သိမ်းပြီး ခြွေလှေ့ထားသော စပါးများ၏ ထွက်နှုန်း တိုင်းတာခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။               

အဆိုပါ မိုးစပါး စံကွက်များကို ရိတ်သိမ်းခဲ့ရာတွင်  တောင်သူဒေါ်မိုင်ငင်းမြ၏လယ်ကွက် မှ တစ်ဧက လျှင်(၁၅၆)တင်းထွက်ရှိခဲ့သလို တောင်သူဒေါ်နန်းလှမေ၏လယ်ကွက်မှ တစ်ဧကလျှင်  (၁၁၇)တင်း ထွက်ရှိ ခဲ့သော်လည်း ယခင်နှစ်များထက် စပါးအထွက်နှုန်းလျော့နည်းကြောင်းနှင့် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးခေါင် သဖြင့် ယခုနှစ်စပါးအထွက်နှုန်းလျော့နည်းခြင်းဖြစ်ကြောင်း တောင်သူဒေါ်မိုင်ငင်းမြထံမှသိရှိရသည်။

စန္ဒာ(ပြန်/ဆက်)