သန်လျင်မြို့ မြို့မဈေးကြီး၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် (Mask Campaign) ပြုလုပ်

သန်လျင် စက်တင်ဘာ ၂၈

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့မဈေးကြီး အတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့၊ မြို့မဈေးကြီးအတွင်း Stay at Home ကာလ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များစနစ်တကျတပ်ဆင်ရေး (Mask Campaign) ပြုလုပ်ရာသို့ ရန်ကုန်တိုင်းဒေသကြီး မြို့တော်စည်ပင် သာယာရေးကော်မတီ ဝန်ကြီး ဦးမောင်မောင်စိုးနှင့် မြို့တော်စည်ပင် သာယာရေးကော်မတီဝင်များ၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ နာယက သန်လျင်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၊ သန်လျင်မြို့နယ် စည်ပင်သာယာ ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် စည်ပင်သာယာရေးကော်မတီဝင်များ၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိုက်စိုးနှင့် တာဝန်ရှိသူများက သန်လျင်မြို့မ ဈေးကြီးအတွင်း Stay at Home ကာလ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချ နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ လိုအပ်သည် များအား မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ကြီးက လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်လာပြည်သူများအား Mask များ စနစ်တကျတပ်ဆင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းကာ (mask campaign) ပြုလုပ် ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့မဈေးကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး စည်းကမ်းချက်များ နှင့်အညီ ဈေးကြီးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်လာပြည်သူများအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရေးနှင့် လက်များ အား ရေနှင့်ဆပ်ပြာတို့ဖြင့်သော်လည်းကောင်း၊ လက်သန့်ဆေးတို့ဖြင့်သော်လည်းကောင်း စနစ်တကျ ဆေးကြောပြီးမှသာ ဈေးအတွင်း ရောင်းချခြင်းနှင့် ဝယ်ယူခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)