ပူတာအို စက်တင်ဘာ ၂၈
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် အငြင်းပွားမှု ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပထမ အကြိမ် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးနော်လွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရှဘောင်ဖုန်ဝင့်က ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရာတွင် ဆောင်ရန်/ရှောင်ရန်အချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်ဇင်ဦးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် လိုက်နာရမည့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များက မဲဆွယ်စည်းရုံးရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။
ပူတာအိုမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၂၅)ခု၊ မဲရုံပေါင်း(၄၈)ရုံတွင် ပထမအကြိမ်မဲစာရင်း အရ မဲပေးပိုင်ခွင့်ရှိသူပေါင်း (၃၉၆၁၀)ဦးရှိပြီး ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီကိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၉)ဦးတို့က သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ် အလိုက်ပါ၀င် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)