မြောက်ဥက္ကလာပ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်၊ အ.လ.က(၇) ကျောင်းတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများထားရှိနိုင်ရန် အဆင်ပြေခြင်း ရှိ/မရှိ ယမန်နေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပရဟိတအသင်းများက Quarantine Centre ဆောင်ရွက်မည့် (ဌ)ရပ်ကွက်ရှိ အ.လ.က(၇) ကျောင်းတွင်ရှိသည့် အဆောင်များ ကောင်းမွန်ခြင်းရှိ/မရှိ၊ ရေ၊မီး ရရှိခြင်းရှိ/မရှိ၊ အိမ်သာ/ရေချိုးခန်းများ အဆင် ပြေခြင်း ရှိ/မရှိကို လှည့်လည်ကြည့်ရှု ခဲ့ကြောင်းသိရသည်။
ဆက်လက်၍တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးဦးစိုးစိုးဇော်မှ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင် ရန် အလှူငွေကျပ်(၁၀)သိန်းကို လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က လက်ခံ ရယူခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)