မုံးကိုး စက်တင်ဘာ ၂၈
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားအိမ်ထောင်စုများကို ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ မုံးကိုးမြို့ရှိ ပုံမှန် ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု၊ စုစုပေါင်း(၁၀၆၃)စုအတွက် ထောက်ပံ့ငွေ ကျပ်သိန်း (၂၀၀)ကျော်ခန့်ကို ယနေ့၊ နံနက်(၁၁)နာရီအချိန်က မုံးကိုးမြို့၊ မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်က “သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်မှထောက်ပံ့သည့် ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုမိသားစုများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ရာတွင် အမှား အယွမ်း မရှိဘဲ တိကျမှန်ကန်စေရေးနှင့် မှတ်တမ်းများစနစ်တစ်ကျရယူခြင်းတို့ကို ဆောင်ရွက်ပေးကြ ရန်” ပြောကြားသည်။
ဆက်လက်ပြီး ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုမိသားစုများထံ လက်ဝယ် အရောက် ထောက်ပံ့ ပေးအပ်နိုင်ရန်အတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေး မှူးများထံသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီး လွှဲပြောင်းပေးအပ်သည်။
မုံးကိုးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ်(၂၀၀၀၀/-)နှုန်းဖြင့် မြို့ပေါ်၊ ရပ်ကွက်(၇)ရပ်ကွက်ရှိအိမ်ထောင်စုများနှင့် ကျေးရွာ အုပ်စု(၂၁)အုပ်စုရှိ အိမ်ထောင်စုများ၊ စုစုပေါင်းအိမ်ထောင်စု(၁၀၆၃)စုအတွက် ထောက်ပံ့ငွေ ကျပ် သိန်း(၂၀၀)ကျော်ကို ထောက်ပံ့ပေးအပ်သည်။
မုံးကိုးမြို့၊ ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုရန်အတွက် (Hand Speaker)နှင့် အပူချိန် တိုင်းသာ မိုမီတာ၊ စုစုပေါင်း (၂၈)ခုကိုလည်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းဇော်ဦး (ပြန်/ဆက်)