မက်မန်း ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများသည် စီးပွားရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် ငှက်ပျောပင်များကို နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် သဘာဝအလျှောက် ပေါက်ရောက်သည့် ဒေသထွက် ငှက်ပျောမျိုး၊ အိမ်နီးချင်းနိုင်ငံမှ မျိုးကောင်းမျိုးသန့် ငှက်ပျောမျိုးများကို မိသားစုအပိုဝင်ငွေရရှိရေးအတွက် နေအိမ်ခြံဝင်းများအတွင်း၌လည်းကောင်း၊ ဥယျာဉ်ခြံမြေများတွင်လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ မက်မန်း မြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် ငှက်ပျောစိုက်ပျိုးရာတွင် စိုက်ပျိုးစရိတ်ကုန်ကျမှုသက်သာခြင်း၊ ငှက်ပျောစိုက်ပျိုးရန် မြေယာများပေါများခြင်းတို့ကြောင့် ငှက်ပျောစိုက်ပျိုးခြင်းကို မိသားစုတိုင်း စိုက်ပျိုးခြင်းဖြင့်လည်း မိသားစုအပိုဝင်ငွေရရှိခြင်းဖြစ်သည်။ မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ငှက်ပျောစိုက်ပျိုးရောင်းချခြင်းဖြင့် နှစ်စဉ်အပိုဝင်ငွေ (၁၀)သိန်းကျပ်အထိရရှိကြောင်း၊ ငှက်ပျောစိုက်ပျိုးရောင်းချသည့်ဝင်ငွေဖြင့် မိသားစု၏ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးတို့တွင် ဖြည့်ဆီးလျက်ရှိကြောင်း မက်မန်းမြို့နယ်တွင် ငှက်ပျောစိုက်ပျိုး ရောင်းချသူ ဦးအိုက်ကျင်မှ ပြောကြားခဲ့သည်။ ထို့ပြင် ငှက်ပျော်သီးများကို မက်မန်းမြို့နယ်နှင့် အနီးတစ်ဝိုက်ဖြစ်သော မိုင်းပျဉ်းမြို့၊ ကျိုင်းတုံမြို့နှင့် ပန်ဆန်းမြို့တို့မှ ဝယ်ယူခြင်းဖြစ်ကြောင်း၊ ငှက်ပျောတစ်ဖီးလျှင် ငွေကျပ် (၂၀၀၀)မှ(၃၀၀၀)ထိရရှိကြောင်း၊ ငှက်ပျောတစ်ခိုင်လျှင် ငွေကျပ် (၂၅၀၀၀)ထိ ရရှိကြောင်းလည်း သိရသည်။
ပန်းကျင်(ခရိုင်၊ ပြန်/ဆက်)