ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ဒေသထွက်စတော်ဘယ်ရီသီးများ ဖေဖော်ဝါရီလအတွင်း လှိုင်လှိုင်ထွက်ရှိ၍ ယမန်နှစ်ကထက် ဈေးကောင်းရရှိကြောင်း သိရသည်။ စတော်ဘယ်ရီသီးများတွင် ဒေသမျိုး၊ ထိုင်ဝမ်မျိုးနှင့် ဂျပန်မျိုးဟူ၍ရှိရာ ထိုင်ဝမ်မျိုးအကြွပ် ချိုမွှေးစတော်ဘယ်ရီသီးမှာ အနယ်နယ်အရပ်ရပ်ရှိ စားသုံးသူများ၊ သစ်သီးပွဲရုံများသို့ အများဆုံး ပို့ဆောင်ရောင်းချရကြောင်း ပြင်ဦးလွင်မြို့နယ်ရှိ စတော်ဘယ်ရီ စိုက်ပျိုးသူများထံမှ သိရသည်။
အဆိုပါ ထိုင်ဝမ်မျိုးအကြွပ် ချိုမွှေးစတော်ဘယ်ရီသီးများမှာ ယခုနှစ်တွင် အထွက်နှုန်း ကောင်းမွန်ကာ စတင်ပေါ်ဦးပေါ်ဖျားချိန်က အဖွင့်ဈေး ၁၅၀၀၀ ကျပ်ဖြင့် စခဲ့သော်လည်း ယနေ့ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀ နှုန်းသာရှိတော့ကြောင်း သိရသည်။
“ဒီနှစ်ကတော့ မနှစ်ကထက် စတော်ဘယ်ရီသီးတွေ ဈေးကောင်းရတယ်လို့ ပြောရမယ်။ လက်ရှိ ထိုင်ဝမ်အကြွပ် ချိုမွှေးသီးတစ်ပိဿာကို ၈၀၀၀ ရှိပါတယ် ။ ဒီထိုင်ဝမ်အကြွပ်ချိုမွှေးသီးက ဒီနှစ် အဖွင့်ဈေးစတင်တုန်းကဆိုရင် တစ်ပိဿာ ၁၅၀၀၀ ဝန်းကျင်တောင် ရှိခဲ့တာပါ။ ကျွန်တော်တို့ ခြံမှာတော့ ထိုင်ဝမ်အကြွပ် စတော်ဘယ်ရီ ချိုမွှေးသီးအပြင် ပိုမိုနူးညံ့ပြီး စားလို့ကောင်းတဲ့ ဂျပန်ချိုမွှေးသီးဆိုတာလည်း ရှိပါတယ်။ ဂျပန်မျိုးတစ်ပိဿာကို ဒီနေ့ဈေး ၁၅၀၀၀ ပါ။ ခုနောက်ပိုင်း ဒေသသီးလို့ခေါ်တဲ့ စတော်ဘယ်ရီ အလုံးသေးသေးအိအိလေးတွေထက် ဒီထိုင်ဝမ်သီး ဂျပန်ချိုမွှေးသီးတို့က အထားခံ၊ နယ်ပို့ခံလို့ အရောင်းအဝယ်ပိုဖြစ်နေပါတယ် " ဟု စတော်ဘယ်ရီစိုက်ပျိုးသူ ဦးဇော်က ပြောသည်။
အဆိုပါ စတော်ဘယ်ရီသီးကို ဇူလိုင်လမှ အောက်တိုဘာလအထိ စိုက်ပျိုးချိန်ယူရပြီး စတင် ထွက်ရှိချိန်မှ ဧပြီလကုန်အထိ ခူးဆွတ်ယူနိုင်ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့တွင် စတော် ဘယ်ရီသီး စိုက်ပျိုးသူများအနေဖြင့် ဈေးကောင်းရရှိမှုကြောင့် မိသားစုအပိုဝင်ငွေရရှိပြီး နယ်ဝေး များသို့ လက်ကားတင်ပို့ရမှုများလည်းရှိ၍ ယခုလပိုင်းအတွင်း အရောင်းအဝယ် ပိုဖြစ်နေ ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)