ပုသိမ် ဖေဖော်ဝါရီ ၁၃
(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအား ယမန်နေ့ ညပိုင်းကပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့တို့မှ တေးသီချင်းများဖြင့်သီဆိုကပြဖျော်ဖြေခဲ့ပြီးနောက် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ခရိုင်အလိုက် ဒေသထွက်ကုန်ပြခန်းများ၊ ဦးစီးဌာနပြခန်းများတွင်နှစ်သိမ့်ဆုနှင့် အထူးဆုရရှိသည့် ခရိုင်များနှင့် ဌာနဆိုင်ရာပြခန်းများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ ဒေသထွက်ကုန်ပြခန်းနှင့် ဌာနဆိုင်ရာ ပြခန်းများတွင် ဒုတိယဆုရရှိသည့်ခရိုင်နှင့် ဦးစီးဌာနပြခန်းများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တိုင်းမှူးတို့ကလည်းကောင်း၊ ဒေသထွက်ကုန်ပြခန်းနှင့် ဌာနဆိုင်ရာပြခန်းများတွင် ပထမဆုရရှိသည့် ခရိုင်နှင့်ဦးစီးဌာနတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။ ယင်းနောက် ပညာအလင်္ကာတေးဂီတအဖွဲ့နှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဆက်လက်ဖျော်ဖြေခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအား ဂုဏ်ပြုညစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဖျော်ဖြေရေး အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)