မောင်တော ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းတွင် ပျော်ပွဲရွင်ပွဲနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မောင်တောမြို့ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းမှ သားငယ်၊သမီးငယ်လေးများက တက်ရောက်လာသော တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများအား တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် အဖွဲ့လိုက်တေးကဗျာသီဆိုပြိုင်ပွဲ စသည့် ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြရာ သားငယ် ၊ သမီးငယ်လေးများအား ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမများက ကစားစရာအရုပ်များ၊ အာဟာရရမုန့်များ စသည့် ဆုလက်ဆောင်များအား အသီးသီးချီးမြှင့်ပြီး အဆိုပါပြိုင်ပွဲတွင် ကိုယ်အားကိုယ်ကိုးမူလတန်းကျောင်းမှ မူကြိုအရွယ် သားငယ် ၊ သမီးငယ်(၄၀)ကျော် ပျော်ရွင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး