စစ်တွေ ဖေဖော်ဝါရီ ၁၃
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် စာရေးဆရာများ၏ စာအုပ်၊ စာပေပြခန်းများ၊ ရခိုင်ရိုးရာ(ပိုင်စရာ) အစားအစာပြခန်းများဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်း သားမျိုးနွယ်စုဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာနအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ပြခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အခမ်းအနားသို့တက်ရောက်လာကြသည့် တိုင်းရင်းသားမျိုးနွယ်စုဝင်များသည် ဌာနဆိုင်ရာပြခန်းများ၊ စာရေးဆရာများ၏ စာအုပ်၊ စာပေပြခန်းများနှင့် ရခိုင်ရိုးရာ(ပိုင်စရာ) အစားအစာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းက “ကျွန်တော်တို့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ပေါ့ ပြခန်းပေါင်း(၄၀) ပြသထားပါတယ်၊ အဲ့ဒီအထဲမှာ နိုင်ငံတော်အကြီးအကဲများရဲ့ ခရီးစဉ်မှတ်တမ်းဓာတ်ပုံတွေ၊ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်တဲ့ မှတ်တမ်းဓာတ်ပုံတွေ၊ ဌာနဆိုင်ရာတွေရဲ့ မိမိတို့ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်တဲ့လုပ်ငန်းတွေ၊ ပြည်သူ့အကျိုးပြုဆောင်ရွက်တဲ့လုပ်ငန်းတွေ၊ နောက်ပြီးတော့ စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စာပေပညာရှင်တွေနှင့် စာရေးဆရာတွေရဲ့ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေကိုလည်း စာရေးဆရာတွေကိုယ်တိုင်လာရောက်ပြီးတော့ ခင်းကျင်းပြသတာတွေရှိပါတယ်၊ နောက်ပြီးတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာမုန့်တွေကိုလည်းပြသထားပါတယ်၊ ဒီပြခန်းတွေကို ဌာနဆိုင်ရာတွေ၊ ပြည်သူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ လာရောက်လေ့လာနိုင်အောင် ပြသထားခြင်းဖြစ်ပါတယ်၊ ဒီပြခန်းတွေမှာပြသထားတဲ့ အကြောင်းအရာတွေကို ပြည်သူတွေလာရောက်ကြည့်ရှုလေ့လာခြင်းအားဖြင့် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက်တွေအပြင် ဌာနဆိုင်ရာတွေရဲ့၊ ဌာနအလိုက် လုပ်ဆောင်ချက်တွေကိုပါသိရှိပြီးတော့ အသိပညာဗဟုသုတတွေ တိုးပွားလာနိုင်မှာဖြစ်တဲ့အတွက် လာရောက်လေ့လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားသည်။
အဆိုပါပြခန်းများတွင် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာ ၂၄ ဌာနမှ ပြခန်းများနှင့် ပြည်နယ်အတွင်းရှိ စာရေးဆရာများ၏ စာအုပ်၊ စာပေပြခန်းများပါဝင်ပြီး ပြခန်းပေါင်း ၄၀ ကို စစ်တွေမြို့၊ ဝေသာလီအားကစားကွင်း၌ ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ ပြသပေးသွား မည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း