မအီမြို့တွင် မြို့မဈေးပတ်ဝန်းကျင်၌ လမ်းဘေးပလက်ဖောင်းပြုလုပ်ဆောင်ရွက်

မအီ  ဖေဖော်ဝါရီ  ၁၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်သည့် မြို့မဈေးပတ်ဝန်းကျင်၌ လမ်းဘေးပလက်ဖောင်းပြုလုပ်ဆောင်ရွက်နေမှုမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ကြောင်း မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်ကသိရသည်။

အဆိုပါ လမ်းဘေးပလက်ဖောင်းကို မအီမြို့၊ မြို့မဈေးပတ်ဝန်းကျင် အထက်တန်းကျောင်းရှေ့ ရန်ကုန်-ကျောက်ဖြူလမ်းမတစ်လျှောက် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ မအီ-ချက် ဖောက်လမ်းတို့တွင် ပြုလုပ်နေခြင်းဖြစ်သည်။ "ယခုဘဏ္ဍာနှစ်မှာ ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စည်ပင်သာယာရေးအဖွဲ့ရုံးခြံဝင်းပတ်လမ်းကွန်ကရစ်ခင်းခြင်း၊ အမှတ်(၂) ရပ်ကွက်၊ ရန်ကုန်-ကျောက် ဖြူလမ်းတွင် ပလက်ဖောင်းပြုလုပ်ခြင်း၊ ထမိန်စိမ်းမတောင်ရှိ အမှိုက်ပစ်ကျင်းသွားလမ်း ကျောက်ချောခင်းခြင်း၊ စည်ပင်သာယာရေးအဖွဲ့ ရုံးခြံအတွင်း ကား ဂိုဒေါင်ပြုလုပ်ခြင်း၊ ရန်ကုန်-ကျောက်ဖြူလမ်းနှင့် ချက်ဖောက်လမ်းဒေါင့် (ဈေးအနီး)တွင် မြေထိန်းနံရံပြုလုပ်၍ မြေယာရှုခင်းပြုလုပ်ခြင်း၊ မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံးခြံအတွင်း RCC ရေစင်တည်ဆောက်ခြင်း စသည့်ဌာနမှ ဆောင်ရွက်တဲ့လုပ်ငန်း(၆)ခုရှိပါကြောင်း၊ ၎င်း လုပ်ငန်းများအနက် လုပ်ငန်း(၅)ခုကို ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါကြောင်း၊ အခု ဆောင်ရွက်မည့် လမ်းဘေးပလက်ဖောင်းလုပ်ငန်းက နောက်ဆုံးအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလကုန်ပိုင်းတွင် အပြီးသတ်ဆောင်ရွက်နိုင်လိမ်မည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးမြတ်မင်းဟန်က ပြောကြားခဲ့သည်။

ဖော်ပြပါ လုပ်ငန်းကို ဇန်နဝါရီ ဒုတိယအပတ်က စတင်ဆောင်ရွက်ခဲ့ခဲ့ခြင်းဖြစ်ပြီး လမ်းဘေးပလက်ဖောင်းမှာ အကျယ်(၄)ပေ၊ အမြင့်ထု (၉)လက်မနှင့် အလျားအရှည်ပေ(၆၀၀)ကို ရခိုင်ပြည်နယ်၊ စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၁၂.၄၈)ကျပ်သန်းဖြင့် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)