တံတားဦး စက်တင်ဘာ ၂၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ဘီယာဆိုင်များ၊ အရက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များစသည့် အစားအသောက်ရောင်းချသည့် ဆိုင်များအားလုံးကို ပါဆယ်စနစ်ဖြင့်ရောင်းချရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားလာပြီး စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမှ ကူးစက်ခံရသူအရေအတွက် များစွာပါဝင်လာကြောင်း စိစစ်တွေ့ရှိ ရခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ အကြောင်းကြားလာမှုအပေါ် တံတားဦးမြို့နယ်အတွင်းရှိ အစားအသောက် ရောင်းချသည့် ဆိုင်များအား ဆိုင်ထိုင်စနစ်ရောင်းချခြင်းကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချသွားရန်နှင့် ပါဆယ်စနစ် ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရေး ကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
တံတားဦးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအားလုံးကို ယခုလ(၂၆)ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ သံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် လျက် ရှိကြောင်းနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြ ကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)