သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

သာကေတ ဖေဖော်ဝါ ရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီ၌ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်မှ အဖွင့်အမှာစကားပြောကြားပြီး၊​ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူနှင့် မြို့နယ် Women Club ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဒေါ်သီတာအေးတို့မှ ပြပွဲ၊ ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မုဒိတာစကားများ ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပခဲ့ရာ ၆/အနောက်ရပ်ကွက်၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များမှ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲ များအဖြစ် ခုံလုပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဘော်လုံးဖောက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များအား အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် အမျိုးသမီးရေးရာအသင်းဝင်များမှ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)