ဗန်းမော်မြို့တွင် စင်တင်တေးဂီတနှင့် KTV လုပ်ငန်းများ မီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုချက် ထုတ်ပေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက် (Fire Safety Certificate-FSC) ထုတ်ပေးခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲဆောင်ရွက်

ဗန်းမော် ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စင်တင်တေးဂီတနှင့် KTV လုပ်ငန်းများ မီးဘေးလုံခြုံရေးစစ်ဆေးအကြံပြုချက် ထုတ်ပေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက် (Fire Safety Certificate-FSC) ထုတ်ပေးခြင်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်အတွင်းရှိ  KTV လုပ်ငန်းရှင်များအနေနှင့် လုပ်ငန်းလိုင်စင်များ မရရှိသေးပါက လုပ်ငန်းလိုင်စင် ရရှိရေးလျှောက်ထားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းလိုင်စင် ရရှိထားသူများအနေဖြင့်လည်း သက်တမ်းကုန်ဆုံးနေပါက သက်တမ်းတိုးလျှောက်ထားကြရန်၊ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန်၊ သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများကိုလည်း အလေးထားလိုက်နာကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဗန်းမော်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းခိုင်က စင်တင် တေးဂီတနှင့် KTV လုပ်ငန်းများ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုချက် ထုတ်ပေးခြင်းနှင့် မီးဘေး လုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက် (Fire Safety Certificate-FSC) ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက် လာကြသည့် KTV လုပ်ငန်းရှင်များ က သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)