မန်တုံမြို့နယ်၊ မူလွန်(ဘက)၊ အောင်ချမ်းသာ၌ လူငယ်စကားဝိုင်း ကျင်းပ

မန်တုံ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များအသိပညာဗဟုသုတ ကြွယ်ဝ စေရန် ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူထုပရိတ်သတ်ရှေ့ ပြောဆိုဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (ဘက)၊ အောင်ချမ်းသာ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်နန်းခမ်းစံက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဆရာမဒေါ်ဉမ္မာကြည်က လူငယ်ရေးရာသိကောင်းစရာများ ရှင်းလင်းပြောကြားပြီး  လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အခြေခံပညာမူလတန်းလွန်ကျောင်းမှ Grade-8 ကျောင်းသူ မအိချိုဇင်လင်းက “လူငယ်နှင့်တာဝန်သိမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မအမ်ပွဲက “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မလွေးယေသိန်းညွန့်က “လူငယ်နှင့် ရည်မှန်းချက်”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ  မအမ်ထေက “လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသူ မယေကျန်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအပေါ် သိရှိလိုသည်များကို တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများမှ မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိအကြီးအကဲများက ပြန်လည်ဖြေကြားခဲ့ပြီး လူငယ်စကားဝိုင်းသို့ အခြေခံပညာမူလွန်ကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်တုံ (ပြန်/ဆက်)