ကလော ဖေဖော်ဝါရီ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် One State One Township Project ပလပ်စတစ်အမှိုက်လျှော့ချရေး အသိပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက One State One Township Project မူးယစ်ကင်းစင်ရေးနှင့် အမှိုက်ကင်းစင်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိရာတွင် အမှိုက်ကင်းစင်ရေးအတွက် အမှိုက်တွေ ဟာ နှစ်ပေါင်းများစွာ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး လူနှင့်တိရိစ္ဆာန်တွေကို ဒုက္ခပေးလို့ ပလပ်စတစ် လျှော့ချနိုင်ဖို့လဲအဓိက လိုအပ်ပါကြောင်း၊ ပလပ်စတစ်အစား အခြားအစားထိုး အသုံးပြု နိုင်အောင်တဖြေး ဖြေးနဲ့လုပ်ဆောင် သွားမည်ဖြစ်ပြီး သင်တန်းသို့ တက်ရောက်လာသူများအား မိမိတို့ ပတ်ဝန်းကျင်တွင် နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများကိုလည်း ပလပ်စတစ်အမှိုက် လျှော့ချရေးနှင့် ပလပ်စတစ် ဆိုးကျိုးတွေကို ပြန်လည်မြဝေပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာ ကမ္ဘောဇတိုင်း သတင်းဌာန၊ သတင်းထောက်ချုပ် ဦးမင်းဇော်မင်းက ပလပ်စတစ် လျှော့ချနိုင်ရေးအတွက် အချိန်ပိုင်းအလိုက် အသိပညာပေး သင်ခန်းစာများ ပို့ချပေးခဲ့သည်။
ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအေးထက်အောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးခြင်း ပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သင်တန်းဆရာ၊ ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊လူမှူရေး အသင်းအဖွဲ့များ ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)