ပျော်ဘွယ် ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံကလေးသူငယ်များနေ့အထိမ်းအမှတ်အဖြစ် ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် လာရောက်လေ့လာဖတ်ရှု အသုံးပြုလျက်ရှိသော ကျောင်းသား၊ကျောင်းသူများ ပျော်ရွှင်မှုရရှိစေရန်အတွက် အားကစားပြိုင်ပွဲ ငယ်များကျင်းပပြုလုပ်ပေးခြင်းကို ဖေဖော်ဝါရီလ (၁၃)ရက်၊ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
“ယနေ့ကျင်းပပြုလုပ်ပေးတဲ့ပြိုင်ပွဲလေးက ကျောင်းသား၊ ကျောင်းသူတွေကို မြန်မာနိုင်ငံကလေး သူငယ်များနေ့ကိုသိရှိစေဖို့ ကျွန်မတို့မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ကိုလာရောက် ဖတ်ရှုအသုံးပြု နေတဲ့ ကျောင်းသား၊ကျောင်းသူလူငယ်လေးတွေကို ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့၊ စိတ်အေးချမ်း ကြည်လင်တက်ကြွစေဖို့၊ အသင်းအလိုက် ပူးပေါင်းဆောင်ရွက်တတ်တဲ့အလေ့အကျင့်ကောင်းတွေရရှိစေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးခြင်းဖြစ်ပါတယ်”ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူ ကရှင်းပြသည်။
ဆက်လက်၍ ပူပေါင်းဖောက်အားကစားနည်း၊ ပူပေါင်းပစ်အားကစားပြိုင်ပွဲငယ်ကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)