မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၁၈ နှစ် အထက်များအား Myancopharn ကာကွယ်ဆေးများကို ပထမအကြိမ်ထိုးနှံပေးပြီး၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းပြင်ပကလေးများအား Pfizer ကာကွယ်ဆေးများကို ယနေ့နံနက် ၀၉:၀၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ခေမာသီလမ်း၊ ဝေပုလ္လအိမ်ယာအနီး မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာ Sinopharm/Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများ Booster (Myancopharm)နှင့် Pfizer ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရပြီး အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ခြေနီသူနာပြုတပ်ဖွဲ့များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)