သံတွဲ ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်းရှိ ပြည်သူများ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ စာဖတ်သည့် အလေ့အထကောင်းများရရှိရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် စာပေဖတ်ရှုခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲများအား ကျင်းပရသည့်ရည်ရွယ်ချက်များနှင့် မိမိတို့ဌာနအနေဖြင့် Digital စနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှုပေးနေသည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ပြပွဲသို့တက်ရောက်လာကြသူများက နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။
အဆိုပါ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်တွင်ပြည်ထောင် စုနေ့အကြောင်းသိကောင်းစရာများ၊ မြန်မာ-ရုရှနှစ်နိုင်ငံဆက်ဆံရေးမှတ်တမ်းဓါတ်ပုံများနှင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဆင်နွှဲမှု မှတ်တမ်းများ၊ကဗျာနှင့် ဆောင်းပါးများပါဝင်ပြီး သုတရသ စာအုပ်ပေါင်း(၂၅၀)အား ပြသပေးခဲ့ခြင်းဖြစ်သည်။
စန္ဒာကြည်(ခရိုင်ပြန်/ဆက်)