ပန်ဆိုင်း စက်တင်ဘာ ၂၈
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ တော်ဆိုင်ကျေးရွာ၌ ကျေးရွာကိုယ်စားပြု မိုးစပါးစံကွက်များ စတင်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်ခန့်က တောင်သူ ဦးအိုက်မန် ၏ လယ်ယာတွင် ခရိုင်လယ်စီ/စာရင်းအင်းဦးစီးဌာန၊ မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်း၍ မိုးစပါးစံကွက်များရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ တော်ဆိုင်ကျေးရွာကိုယ်စားပြု စံကွက်များဖြစ်သော ဦးပိုင်အမှတ်(၁)၊ ကွင်းအမှတ်(၃)၊ တောင်သူဦးအိုက်ဆာ၏ လယ်ယာဧရိယာ(၅)ဧကနှင့် ဦးပိုင် အမှတ်(၁)၊ ကွင်းအမှတ်(၃)၊ တောင်သူဦးအိုက်မန်၏ လယ်ယာဧရိယာ(၅)ဧကတို့ကို ခရိုင်လယ်စီ/စာရင်းအင်း ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးမျိုးဆွေ ၊ မြို့လယ် စီ/စာရင်းအင်းဦးစီးမှူးဦးမင်းဆွေဦး နှင့်တာဝန်ရှိသူများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဦးဇော်မိုးအောင်နှင့်တာဝန်ရှိသူတို့က မိုးစပါးစံကွက် ရိတ်သိမ်းမည့် လယ်ကွင်း များတွင် စံနှုန်းတိုင်းတာခြင်းနှင့် ရိတ်သိမ်းပြီး ခြွေလှေ့ထားသည့် စပါးများ၏ ထွက်နှုန်းတိုင်းတာခြင်းများကို ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါ မိုးစပါးစံကွက်များစိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ပျိုးထောင်ချိန်မှ စတင်ပြီး တောင်သူများကို အသိပညာပေးခြင်း၊ စိုက်ပျိုးပြီးကာလ၌ တောင်သူများအတွက် မြေဩဇာများ ထောက်ပံပေးအပ်သည်။
ထို့အပြင် မိုးစပါးစံကွက်အထွက်တိုးကောင်းစေရေးအတွက် ပုံမှန်ကွင်းဆင်းကြည့်ရှုခြင်း၊ အာဟာရဓာတ်ပြည့်ဝရန်နှင့် မြေဩဇာများကို အချိန်ကိုက်အချိုးကျ ထည့်ကျွေးခြင်း၊ ပိုးမွှား ကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် စံကွက်ပျိုးပင်များကို ကြည့်ရှုစောင့်ရှောက်ပြီး ကင်းထောက်ယူ၍ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့ ၊ တော်ဆိုင်ကျေးရွာတွင် စံကွက်တစ်ဧကလျှင် အကွက်ပေါင်း တစ်ထောင်ရှိသည့်အနက် စံကွက်(၃)ကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် (DU-16) အစို(၁၅၆)တင်း၊ (DU-16)အခြောက်တင်း(၁၄၇)တင်းထွက်ရှိခဲ့ကြောင်း မြို့စိုက်ပျိုးရေးဦးစီးထံမှ သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)