သန်လျင် စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်သည် ရန်ကုန်တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်တွင် သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးသည် သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဖွင့်လှစ်ထားရှိသော နည်းပညာတက္ကသိုလ် (သန်လျင်) နှင့် အရှေ့ပိုင်း တက္ကသိုလ်ခန်းမများ၊ သန်လျင်အထက(၄)နှင့် သားဖွားသင်တန်းကျောင်း ခန်းမဆောင် များအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အနီးကပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဖက် လူမှုအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများက ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ Quarantine ဝင်ရောက်လျက်ရှိသူများ၏ ကျန်းမာရေးအခြေအနေ၊ ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ချက်များအား ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု ပိုးတွေ့လူနာများနှင့် သေဆုံးမှုများ ရှိနေခြင်းကြောင့် ရောဂါပျံ့နှံမှု မဖြစ်ပေါ်ရေး၊ အသွားအလာ ကန့်သတ်ထိန်းချုပ် ဆောင်ရွက်လျက်ရှိပြီး အချိန်နှင့်တစ်ပြေးညီ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သန်းဝင်း(သန်လျင်)