ပန်ဆိုင်း စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြား ချက်အရ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ပြည်သူလူထုများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့် ရောင်းချရန်နှင့် စနစ်တကျ လိုက်နာ ဆောင်ရွက် နိုင်ရေး တို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်၊ မြို့စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးနေမျိုးအောင်နှင့် ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စက်တင်ဘာ ၂၆ က လှည့်လည်အသိပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့စည်ပင်သာယာရေးဌာနမှ (၂၀၂၀)ပြည့်နှစ် ၊ စက်တင်ဘာလ (၂၅)ရက်နေ့မှ စတင်ထုတ်ပြန်ထားသော အမိန့်ကြေငြာချက်အရ ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသည့် ကိုဗစ်-၁၉ ရောဂါ ဆင့်ပွားကူးစက်ခံရသူများထဲတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်းမှ ကူးစက်ခံရသူအရေအတွက်များစွာ ပါဝင်လာကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ခံရမှု မရှိစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဆိုင်ထိုင်စားသောက်ခြင်းကို စတင်တားမြစ်ပြီး (Take-away) ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအမိန့်ကြေငြာချက်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် လှည့်လည်အသိပေးဆောင်ခြင်းဖြစ်သည်။
ဆက်လက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ အနေဖြင့် သတ်မှတ် ညွှန်ကြားချက်ပါအတိုင်း လိုက်နာဆောင်ရွက် ကြရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမိုးခိုင် (ပြန်/ဆက်)