ပေါင်မြို့နယ်၊ အ.ထ.က ပန်းကုန်း(မွန်) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပေါင် ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို  ယနေ့နံနက်ပိုင်းက အ.ထ.ကပန်းကုန်း(မွန်)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးဦးဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေပြီး အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာပြီး အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်ချင့်ချိန်၍ ဆုံးဖြတ်ချက်ချမှတ်နိုင်စေရန်၊ လူအများရှေ့မောက်တွင် ပြောရဲ၊ ဆိုရဲသည့် စိတ်သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေကာ မိမိတို့ပြောကြားလိုသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ချပြဆွေးနွေးတတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များဗလငါးတန်ပြည့်စုံ၍ အနာဂါတ်နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလိုလူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးစီးအရာရှိဒေါ်တင်ဇာစိုးနှင့် လူငယ်ရေးရာကော်မတီတို့က ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်နည်းပညာစသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက်၊ တက်ရောက်လာကြသူများ၏ သိရှိလိုသော မေးခွန်းများနှင့် မေးမြန်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းကျင်းပရာသို့ ဌာနဆိုင်ရာများ၊ လူငယ်ရေးရာကော်မတီ၊ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)