ကျေးရွာ(၁၇)ရွာသို့ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

မံစီ  ဖေဖော်ဝါရီ  ၂၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ရန်ပုံငွေ သိန်း(၁၀၀)ကျပ် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်း​စောဝေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးကျော်လင်းနိုင်က စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ပြီး တာဝန်ရှိသူများက စီမံကိန်းရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာများမှ စီမံကိန်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်များက လက်ခံခဲ့ကြကာ ကျေးရွာအားလုံးကိုယ်စား ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ယခု (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းများ စတင်ရေးဆွဲ အကောင်အထည်ဖော်မည့် ကျေးရွာ ၁၇ ရွာကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တစ်ရွာလျှင် သိန်း(၁၀၀)ကျပ်စီဖြင့် စုစုပေါင်း သိန်း(၁၇၀၀)ကျပ်ကို လွှဲပြောင်း ပေးအပ်ခဲ့သည်။

မံစီမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းများကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် မှစတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းကျေးရွာ (၃၃)ရွာရှိပြီဖြစ်ကြောင်း သိရသည်။

ရိန် (ပြန်/ဆက်)