တကောင်းမြို့တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်အမှတ် ဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

တကောင်း ဖေဖော်ဝါရီ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့တွင် (၇၆)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်အမှတ်ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့ဉီးစီးမှူးမှ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များအကြောင်း၊ ပင်လုံစာချုပ်၏ အနှစ် သာရများအကြောင်းအား အကျယ့်တဝင့်ဟောပြောခဲ့သည်။ ဆက်လက်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက မူလတန်းအဆင့် ကဗျာပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲများယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ပြန်/ဆက်ဉီးစီးဌာနမှ တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ ဆရာမမျာ၊ ကျောင်းသားမိဘများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ ရသစာအုပ်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)