နမ့်ဆန် ဖေဖော်ဝါရီလ ၁၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် (၇)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရှိ လွယ်ဆိုင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အလံအားအလေးပြုပြီး၊ ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် အမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်မှ ဖတ်ကြားခဲ့ပြီး၊ ၂၀၂၃ခုနှစ်၊ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား၊ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာမှအကြီးအကဲများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသော အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၁) မှ Grade-10 ကျောင်းသူ မစိန်ကြည်လတ်မှ မိမိဆုရရှိသည့် စာစီစာကုံးအား ဖတ်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်း၊ စာအုပ်စာစောင်များ ပြသခဲ့ပြီး၊ အခမ်းအနားသို့ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/မများ၊ ဝန်ထမ်းများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)