ကိုဗစ်ကာလ အသွားအလာ စိစစ်ခြင်းဖြစ် ရန်ကုန်-သန်လျင် တံတားပိတ်ထားခြင်း မရှိ

သန်လျင်  စက်တင်ဘာ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Stay at Home ညွှန်ကြားချက်များနှင့် အညီ လမ်းမအသီးသီး၌ သွားလာလျက်ရှိသော မော်တော်ယာဉ်များအား စိစစ်ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် သတ်မှတ်ညွန်ကြားချက်များနှင့်အညီ စက်ရုံ၊အလုပ်ရုံများသို့ မဖြစ်မနေ သွားရောက် တာဝန်ထမ်းဆောင်မည့် သူများအား သယ်ယူပို့ဆောင်လျက်ရှိသည့် ယာဉ်များ၊ စားသုံးကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ကျန်းမာရေးအတွက် သွားလာရသည့် ယာဉ်များအား သန်လျင်မြို့ အဝင်တံတားထိပ်မှ စိစစ်ခွင့်ပြုဆောင်ရွက်ပေးခြင်းသာဖြစ်ပြီး ပြင်ပတွင် ဖြစ်ပေါ်နေသော ရန်ကုန်-သန်လျင် တံတားပိတ်လိုက်ပြီဆိုသည့် သတင်းသည် ကောလဟာလ သတင်းမှားသာဖြစ်ကြောင်း သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း၏ ပြောကြားချက်အရ သိရသည်။

သန်လျင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Stay at Home ညွန်ကြားချက်များ နှင့်အညီ ရပ်ကွက်ကျေးရွာများ၏ အဝင်အထွက်ဂိတ်များတွင် စိစစ်၍ အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်များ ဖြန်းပေးခြင်း၊ နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်ပေးခြင်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး ဆယ်အိမ်စုမှူးများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မလိုအပ်ဘဲလမ်းမများပေါ်တွင် လူနှင့်မော်တော်ယာဉ်များ သွားလာခြင်းကို သက်ဆိုင်ရာမှ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)