မော်လမြိုင် ဖေဖော်ဝါရီ ၁၂
၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ နှစ် ၆၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား အနီးကပ်ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရန် ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအတွက် ကျန်းမာရေးအထောက်အကူပြုစေရန် သက်ကြီးဘိုးဘွားများသက်ရှည် ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် ရည်ရွယ်၍ တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့သော ဆေးပေးခန်းအား ပြည်နယ်၀န်ကြီးချုပ်ဦးအောင်ကြည်သိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများ စိတ်အပန်းဖြေအနားယူစေရန်အတွက် စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှု အခြေအနေအား ကြည့်ရှုခဲ့သည်။
ထို့နောက် ဘိုးဘွားရိပ်သာ၏ နှစ် ၆၀ ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားအား ဆက်လက်ကျင်းပရာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီးဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌက ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားကာ ဘိုးဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြသည်။
ဆက်လက်၍ အဘိုးတစ်ဦး၊ အဘွားတစ်ဦးက ဆုတောင်းပို့သပေးခဲ့ပြီး ဘိုးဘွားများအတွက် ပြည်နယ်၀န်ကြီးချုပ်က ဆေးအလှူ ငွေ ၅ သိန်းကျပ်လှူဒါန်းရာ ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌက လက်ခံရယူခဲ့ကာ စေတနာအလှူရှင်များ၏ လှူဒါန်းမှုများအား ပြည်နယ်၀န်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများက လက်ခံရယူခဲ့ကြပြီး ပြည်နယ်၀န်ကြီးချုပ်နှင့်အလှူရှင်များက ဘိုးဘွားများအား လှူဖွယ်ပစ္စည်းများ လောင်းလှူပေးခဲ့ကြသည်။
တောင်ဝိုင်းဘိုးဘွားရိပ်သာတွင် အဘိုး၁၄ ဦး၊ အဘွား ၂၉ ဦး စုစုပေါင်း ၄၃ ဦးရှိပြီး နှစ် ၆၀ ပြည့် နှစ်ပတ်လည်နေ့တွင် စေတနာရှင်အလှူရှင်များက ဆေးလှူဒါန်းရရှိမှု အလှူငွေ စုစုပေါင်း ၁၂၈ သိန်း ၂ သောင်းအား ပါ၀င်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)