(၁၉)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြပွဲ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းမြသာစည်  ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက် ၊ ၆၈ x ၇၃ လမ်းကြား၊ ၁၀၂ (A) x ၁၀၇ လမ်းကြား၊ မန္တလာသီရိအားကစားကွင်းတွင် (၁၉)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၀၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊  လ.ပ.ခတိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ လုံ/နယ်ဝန်ကြီးဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီးဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့‌နောက် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ၀န်ကြီးချုပ်နှင့်အဖွဲ့သည်၊ ပြိုင်ပွဲဝင် သစ်သီး၀လံပန်းမာန်ပစ္စည်းများနှင့်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းက ကျေးဇူးစကား ပြောကြားပြီး‌နောက်၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးဦးတိုးမင်းမှ ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တာ၀န်ရှိသူများက ဌာနဆိုင်ရာပြခန်းများနှင့် ပုဂ္ဂလိကပြခန်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် ဆုရရှိသူများအား  ဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦး၊ တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ လုံခြုံ‌ရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီးဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ လူမှု‌ရေးရာဝန်ကြီးဦးယဉ်ထွေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးချုပ်စိန်လွင်၊ ဥပဒေချုပ်ဦးမြင့်အောင်နှင့်အစိုးရအဖွဲ့ဝင်များ၊ မန္တလေးအခြေစိုက်အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Neeraj Kumar ၊ တရုတ်ကောင်စစ်ဝန်ချုပ် Mr Chen Chen (ခ) ဦးခင်စိန်၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်များ စုစုပေါင်းအင်အား (၃ဝ၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါ သည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)