ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး၊ အ.ထ.ကကျောင်းရှိ စာသင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်

ဂွ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ညောင်ချောင်းကျေးရွာ အ.ထ.က တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး၊ အ.ထ.က ကျောင်းရှိ စာသင်ဝိုင်းများအား ထောက်ပံ့ငွေ၊ အားကစားပစ္စည်းများနှင့် Mask များထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြရာတွင် ညောင်ချောင်းကျေးရွာအုပ်စု၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန့်ဇင်အောင်၊ အတွင်း‌ရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက တက်ရောက်လာကြသော ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်း၊ မှုခင်းအသိပညာပေးခြင်း၊ မီးဘေးအန္တရာယ်လုံခြုံရေး၊ ငွေစက္ကူအတုများ မသုံးစွဲရေးနှင့်တွေ့ရှိပါက မြန်မာ့စီးပွားရေးဘဏ်သို့ ချိတ်ဆက်အကြောင်းကြားနိုင်ရေး၊ စိုက်ပျိုးရေး၊ စည်ပင်သာယရေး၊ကျေးရွာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက်သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ ဖြေကြားဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ညောင်ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား set top box များကို လည်းကောင်း၊ ကျောင်းအုပ်ဆရာကြီးအား စာသင်ဝိုင်းများအတွက် ထောက်ပံ့ငွေ (၂သိန်း) ကျပ်အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက အားကစားပစ္စည်းများနှင့် Mask များအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်