ပင်းတယမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ

ပင်းတယ ဖေဖော်ဝါရီ ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်းတယမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်ချိုက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(အဆင့်ရုံး)ပင်းတယမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က လူငယ်စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(အဆင့်ရုံး )ပင်းတယမှ ဦးစီးအရာရှိဒေါ်မိုးမိုးထွေးက ဦးဆောင်ဆွေးနွေးကာ Grade -9 မှ မပိုးသီရီစံက “လူငယ်နှင့်အားကစား”၊ Grade-11 က မရွှေအေမီထွန်းမှ “လူငယ်နှင့်စာပေ”၊ Grade -11 မှ မနေခြည်ဟန်က “လူငယ်နှင့်ယဉ်ကျေးမှု”၊ Grade-11 မှ မောင်နေတိုးလေးက “လူငယ်နှင့်ကျန်းမာရေး”၊ Grade-11 က မောင်အောင်ခိုင်ဖြိုးမှ “လူငယ်နှင့်ပရဟိတ” ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာပါဝင်ဆွေးသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ပင်းတယမြို့မှ ကျောင်းအုပ်ဆရာကြီးဦးဆေးမွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်း ပင်းတယမြို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသပေးထားသည့် စာအုပ်၊ စာစောင်များကို စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)