ငါန်းဇွန်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးပြိုင်ပွဲကျင်းပ

ငါန်းဇွန်     ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်းရှိ ကလေးငယ်များကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်  ကလေးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မွေးစမှ (၃)လအထိ၊ (၃)လမှ (၆)လအထိ၊ (၆)လမှ (၁)နှစ်အထိ အသက်အရွယ်(၃)မျိုးခွဲပြီး ကလေးများယှဉ်ပြိုင်ရွေးချယ်ရာ အသက်အရွယ်အလိုက် သတ်မှတ်ထားသော ကိုယ်ကာယဖွံ့ဖြိုးကြီးထွားမှု၊ တကိုယ်ရေသန့်ရှင်းမှု၊ မိခင်နို့တိုက်ကျွေးမှု၊ အသက်အလိုက်ကာကွယ်ဆေးထိုးနှံမှု စသည့် စံချိန်စံညွှန်းများ နှင့်အညီ သက်ဆိုင်သည့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများမှ စစ်ဆေးရွေးချယ်ပေးခဲ့ သည်။

ထို့နောက်ကျန်းမာသန်စွမ်းသော ကလေးငယ်များကို ပြုစုပျိုးထောင်သည့် မိခင်များကိုလည်း စံပြမိခင်အဖြစ် ရွေးချယ်ရာ မိခင်မှ မိမိရင်သွေးအပေါ် ပြုစုစောင့်ရှောက်ရာတွင် သိသင့်သိထိုက်သည့် ဗဟု သုတများဖြစ်သည့် မိခင်နို့ တိုက်ကျွေးမွေးမှုပုံစံများ၊ နို့တိုက်မိခင် အစာစားသုံးမှု၌ပုံစံများ၊ တကိုယ်ရည် သန့်ရှင်းမှု၊ ကလေးအစာကျွေးမှုပုံစံများ၊ ကလေးအား ကျန်းမာရေးစောင့်ရှောက်မှုပုံစံများကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများမှ စစ်ဆေးရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါကလေးပြိုင်ပွဲဆုပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပရာ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဉက္က ဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ကလေးပြိုင်ပွဲတွင် ဆုရရှိသည့် မွေးစမှ (၃)လ၊ အသက်(၃)လမှ (၆)လ၊ (၆)လမှ (၁)နှစ်အထိ အသက်အရွယ်အလိုက် ကလေးငယ်များနှင့် စံပြမိခင်ဆုရရှိသူများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာဇာခြည်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဉက္ကနှင့် အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဉက္ကက ကျန်းမာရေး ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)