ဖယ်ခုံ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့၌ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ မြို့နယ် အဆင့် စစ်ဆေးရေးအဖွဲ့နှင့် မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီအဖွဲ့တို့က ယနေ့နံနက် ၁၀ နာရီမှစတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအချင်းချင်း အဖွဲ့ငယ်များဖွဲ့၍ အပြန်အလှန်ကြီးကြပ်ဆောင်ရွက်စေခြင်း၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး အတွက် တာဝန်ရှိသူများအား အကြံပြုချက်များပေးခြင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိသော စက်ရုံ၊ အလုပ်ရုံများကို သတိပေး ထိန်းကျောင်းတည့်မတ်ခြင်း စသည်ဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ ဖယ်ခုံမြို့ပေါ်ရှိ စက်ရုံ၊ အလုပ်ရုံများအနက် ရေသန့်စက်ရုံများအား စစ်ဆေးရာတွင် သန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်ရန်၊ တစ်ကိုယ်ရေသုံး အကာကွယ်ပစ္စည်းများကို စနစ်တကျ အသုံးပြုရန်၊ ပိုးသတ်ဆေးဖျန်းရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင်နေရန်၊ လက်ကိုစနစ်တကျ ဆေးရန်၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး အသံဖိုင်များ ဖွင့်လှစ်ထားရှိရန်၊ လုပ်ငန်းခွင်အတွင်း လေဝင်လေထွက် ကောင်းမွန်ရေး ဆောင်ရွက်ရန် စသည့်အချက်များဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး အမှုဆောင်အရာရှိ ဦးမြတ်သူ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများက ရွှေလဝင်း သောက်ရေသန့်၊ HAPPY သောက်ရေသန့်၊ ပျိုးခင်းသောက်ရေသန့် စက်ရုံတို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကိုထွေး (ဖယ်ခုံ)