လားရှိုးမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

လားရှိုး ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ သစ္စာခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံရေးစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ၊  လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင် ဦးမိုင်းပန်းစိန်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်၊ လားရှိုးခရိုင် ဦးစီးမှူး ဦးတင်ထွန်းတို့က လားရှိုးမြို့နယ် အီနိုင်းကျေးရွာနှင့် သံလွင်ကျေးရွာတို့မှ ကိုးကန့်တိုင်းရင်းသား (၇၂)ဦး တို့အတွက် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံရေးစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ သက်ဆိုင်ရာ ကိုယ်စားလှယ်များက လက်ခံရယူခဲ့သည်။

ထို့နောက်  ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကွန်ပျူတာဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ရေးသွင်းနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ပန်းခင်းစီမံချက် အဆင့်(၂)အနေဖြင့် (၁-၈-၂၀၂၂)ရက်နေ့မှ (၃၁-၅-၂၀၂၃)အထိ (၁၀)လတာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ လျာထား(၁၁၁၂၃၃)ဦးအနက် ယနေ့ထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၂၉၉၆)ဦး ဆောင်ရွက်ပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၃၈.၆၅) ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)