ကျိန္တလီ ဖေဖော်ဝါရီ ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ (Community Centre)ခန်းမတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီမှူး ဒေါ်သန်းသန်းလေးက ကျောင်းသား/သူများအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ကိုယ့်တိုင်းကိုယ့်ပြည်ကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်နိုင်စေရန်ရည်ရွယ်၍ ဟောပြောပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့ရာ တက်ရောက်လာသော ကျောင်းသား/သူများက အသိပညာပေးနံရံကပ်စာစောင်နှင့် ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်လင်း