ပျဉ်းမနား ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မင်းလွင်က ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူလေးများက ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကဗျာများဖြင့် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများကိုဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် တာဝန်ရှိသူများကဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များအား ပေးဝေခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြသထားသည့် နံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
မျိုးသီဟ (ပြန်/ဆက်)