လူထုစုပေါင်းစက်ဘီးစီးနှင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်းနှစ်(၅၀)ပြည့် ကျောက်စိမ်းကျောက်စာကမ္ဗည်းတိုင်နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ခြင်းအခမ်းအနား၊ ပဉ္ဇမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲများသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုစုပေါင်းစက်ဘီးစီးနှင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်း နှစ်(၅၀)ပြည့် ကျောက်စိမ်းကျောက်စာကဗ္ဗည်းတိုင်နှင့် ရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့ နံနက် ၇ နာရီက စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ လူထုစုပေါင်းစက်ဘီးစီးနှင်းပွဲကို မနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းရှေ့မှ စတင်တာလွှတ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အားပေးခဲ့ကြပြီး စက်ဘီးစီးနှင်းသူများသည် အားကစားကွင်းရှေ့စုရပ်မှ ရုံးကြီးလမ်း၊ သခင်နက်ဖေလမ်းတစ်လျှောက် ဘူတာရုံရှေ့မှတစ်ဆင့် အဆိုပါ လမ်းကြောင်းအတိုင်း အားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြကာ  ဘောလုံးကွင်းပြေးလမ်း၌ စီးနှင်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချူပ်နှင့်တာဝန်ရှိသူများက အားပေးခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကလေးစီးစက်ဘီး(၂)စီးအပါအဝင် အိမ်သုံးပစ္စည်းများကို မဲဖောက်ပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချူပ်နှင့် တာဝန်ရှိသူများသည် (၇၆)နှစ်မြောက် ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဂတ်ရှန်ယန်(လွယ်ခေါ)ကျေးရွာတည်ထောင်ခြင်း နှစ်(၅၀)ပြည့်ရွှေရတုဂျူဗလီအထိမ်းအမှတ် ကျောက်စိမ်းကျောက်စာကမ္ဗည်းတိုင်နှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်သန်း(၄၀၀)ကျော်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် (၀.၄)မိုင်အရှည် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချူပ်ဦးခက်ထိန်နန်က ၁၉၇၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် ဂတ်ရှန်ယန်ကျေးရွာသည် ယနေ့ဆိုလျှင် နှစ်(၅၀)ပြည့်မြောက်ခဲ့ပြီဖြစ်သည့်အပြင် အိမ်ခြေ(၅၈၀)၊ လူဦးရေ(၄၀၀၀)ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်လာသည့်အတွက် ကျေးရွာ၏ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးကညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း၊ သို့မှသာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လျင်လျင်မြန်မြန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုလျော့ချရေးနှင့် ကျေးလက်နေတောင်သူများဘဝ တိုးတက်မြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျန်းခေါက ကျေးဇူးတင်စကားပြောကြားကာ သိက္ခာတော်ရဆရာဦးမရစ်လခေါင်နှင့် ဦးယောဆက်တို့က ဖွင့်ပွဲအတွက် ဆုတောင်းဆက်ကပ်အပ်နှံပေးပြီး ကျောက်စိမ်း၊ ကျောက်စာကမ္ဗည်းတိုင်နှင့် ကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ်မုဒ်ဦးအား ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင်နှင့် ကျောက်စိမ်း၊ ကျောက်စာကမ္ဗည်းတိုင်အလှူရှင် ဒေါက်တာဘွမ်ယွမ်နှင့် ကျေးရွာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် သိက္ခာတော်ရဆရာများက ကျေးရွာတည်ထောင်ခြင်းနှစ်(၅၀)ပြည့် ကျောက်စိမ်း၊ ကျောက်စာကမ္ဗည်းတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအတွက် ဆောင်ရွက်ပေးခဲ့သည့် ကုန်ထုတ်လမ်းနှင့် ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းစီမံကိန်းများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မလိခကျေးရွာသို့သွားရောက်ပြီး ကျေးရွာမှတစ်ဆင့် တောင်ယာလယ်တောသွားလမ်းပေါ်ရှိ အရှည်ပေ ၆၀ ၊ ဘေလီသံဘောင်တံတား တည်ဆောက်ပြီးစီးမှုနှင့် တံတားချဉ်းကပ်လမ်းတည်ဆောက်နိုင်‌ရေး၊ ကုန်ထုတ်လမ်း ဆက်လက်ဆောင်ရွက်နိုင်ရေး ကျေးရွာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မိုင်ကားကျေးရွာ ခရစ်ယာန်ဘုရားကျောင်း၌ ကျေးရွာဘာသာရေးခေါင်းဆောင်များ၊ရပ်မိရပ်ဖများ၊ ရွာသူရွာသားများနှင့်တွေ့ဆုံပြီး မလိခ-ပြည်ထောင်(၆)မိုင်လမ်းအား ကတ္တရာခင်းကျင်းပေးနိုင်ရေး၊ သောက်သုံးရေ၊ လျှပ်စစ်မီးလင်းရေးနှင့် ကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ ထိုမှတစ်ဆင့် ပြည်ထောင်ကျေးရွာ၌ ကျေးရွာနေပြည်သူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်တွေ့ဆုံခဲ့သည်။

ထို့နောက် မြစ်ကြီးနားမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)၏ ပဉ္စမအကြိမ် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်ပြီး ကျောင်းအုပ်ကြီးဦးမျိုးသန့်၊ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ကြီး၊ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များက ဒီပလိုမာအပ်နှင်းခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ (၂၀၂၂ ခုနှစ်)အတွက် ကျောင်းဆင်း(၆၀)ဦးတို့အတွက် စိုက်ပျိုး‌ရေးဒီပလိုအောင်လက်မှတ်များအပ်နှင်းခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းများထဲမှ စိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူ ၆ ဦးတို့အနက် အမှတ်အများဆုံးရရှိသူ(၃)ဦးတို့အား ချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက မြစ်ကြီးနား တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြစ်ကြီးနားဇုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားတက္ကသိုလ်နှင့် ဗန်းမော်တက္ကသိုလ်ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်းက နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဒုတိယဆုရဗန်းမော်အသင်းနှင့် အထူးဆုရမိုးညှင်းအသင်းတို့အတွက် ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပထမဆုရမြစ်ကြီးနားတက္ကသိုလ်အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမတံခွန်စိုက်ဒိုင်းဆုကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)