တနိုင်းမြို့ အခြေခံပညာ‌ကျောင်းများ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

တနိုင်း ဖေဖော်ဝါရီ     ၁၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  ဖေဖော်ဝါရီလ  ၁၀ ရက်နေ့နံနက် ၁၁ နာရီက  မူလတန်းလွန် -​ကောင်ဂျာကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးအောင်သူရမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက  လူငယ်ရေးရာအသိပညာပေး ဟောပြောရာတွင် "လူငယ်နှင့်စာရိတ္တ"၊ "လူငယ်နှင်ရည်မှန်းချက်"နှင့် “စာဖတ်ခြင်း၏အကျိုးကျေးဇူး”များ အကြောင်းဖြင့် လူတစ်ယောက်မှာ အကျင့်စာရိတ္တကောင်းမွန်မှန်ကန်ဖို့က နံပါတ်တစ် အရေးကြီးကြောင်း၊ စာရိတ္တကောင်းသူ တစ်ယောက်ဟာ စိတ်ဓာတ်ကောင်းသူ တစ်ယောက်ဖြစ်ကြောင်း၊ စာရိတ္တနဲ့စိတ်ဓာတ်ဟာ တိုက်ရိုက်အချိုးကျကြောင်း၊ ဒါကြောင့် စိတ်ကောင်းရှိဖို့ ပထမလို့ မဟာဂန္ဓာရုံ ဆရာတော်ဘုရား အရှင်ဇနကာဘိဝံသက မိန့်ကြားခဲ့တာ ဖြစ်ကြောင်း၊ စာရိတ္တကောင်းရုံတင်မကဘူး၊ စာရိတ္တလိပ်ပြာလုံဖို့၊ စာရိတ္တမာနရှိဖို့လည်းလိုကြောင်း၊ လူငယ်များ အနာဂတ်အတွက် ရည်မှန်းချက်ထားရန်လိုကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ အကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်မှ စာအုပ်များ လာရောက်ငှားရမ်း ဖတ်ရှုကြရန် ပြောကြားခဲ့သည်။

မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ ၊ စာဖတ်ဝိုင်းများကို ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အလားတူ တနိုင်းမြို့နယ် အခြေခံပညာ အ.လ.က(ခွဲ) ကင်ဆားရာကျောင်းနှင့်  အခြေခံပညာ မူလွန်-အေးသုခကျောင်းတွင်လည်း လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)