ကွမ်းခြံကုန်း စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် (Stay at Home) ညွှန်ကြားချက်အရ မြို့နယ်အတွင်း အကြောင်းမဲ့သွားလာနေမှုများ မရှိစေရန်နှင့် ယာဉ်ဖြတ်သန်း သွားလာနေမှုများနှင့် ပတ်သက်ပြီး ကြပ်မတ်စစ်ဆေးမှုကို ယမန်နေ့က လက်ခုပ်ကုန်းသို့ သွားရာလမ်းဖြစ်သည့် တောင်ဘက်ပိုင်း တံတားအဆင်းတွင် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း၊ မြို့နယ်ရဲမှူး လှသူ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်အတွင်း အကြောင်းမဲ့ နေအိမ်ပြင်ပသွားလာမှုများ မရှိစေရေးအတွက် စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ ရပ်ကွက်အတွင်းမှ အကြောင်းမဲ့ပြင်ပသို့ ထွက်ခွာမှုမရှိစေရေး စိစစ်ဆောင်ရွက်ခြင်း၊ ခရီးသွားလာမှု များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ၏ ထောက်ခံချက်ပြည့်စုံမှု ရှိမရှိစစ်ဆေးခြင်း၊ မော်တော်ယာဉ် သွားလာနေမှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ကိုဗစ်ကော်မတီ၏ ထောက်ခံချက်ပါမှ မြို့နယ်အတွင်း ဝင်ခွင့်ပြုခြင်း၊ ကိုဗစ်-၁၉ရောဂါ အရေးပေါ်ကာလဖြစ်သဖြင့် (Stay at Home) ညွှန်ကြားချက်အရ ကျန်းမာရေး၊ လူမှုရေး အရေးကြီးသော ကိစ္စရပ်များမှအပ မြို့နယ်အတွင်း ခရီးသွားလာမှုနှင့် ပြင်ပထွက်ခွာမှု မရှိစေရေးတို့အတွက် အရှိန်အဟုန်မြှင့် ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)