လားရှိုး ဖေဖော်ဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း (အမျိုးသား) အမှတ်စဉ်(၂/၂၀၂၂) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က ‘သင်တန်းသားများ အနေဖြင့် ကြုံတွေ့ခဲ့ရသည့် မူးယစ်ဆေးဝါး ဆိုးကျိုးများကို သင်ခန်းစာယူပြီး မှောင်မိုက်သည့် နေ့ရက်များကို စွန့်လွှတ်ကာ ပြန်လည်ထူထောင်ရေး သင်တန်းမှ သင်ကြားပေးသော သက်မွေးပညာများကို အခြေခံ၍ မိမိခြေထောက်ပေါ်ရပ်တည်ကာ လှပသော အနာဂါတ်များကို ဖန်တီးနိုင်သော နိုင်ငံသားကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စွာက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စံပြထူးချွန်ဆု၊ သက်မွေးထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်နှင့် ရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသားများက လက်ခံရယူခဲ့သည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)