မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့မှ ကလောမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်း

ကလော ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့မှ ယနေ့နနံနက်ပိုင်းက ကလောမြို့နယ်၊ ကမ္ဘားနီကျေးရွာရှိ "ပညာအလင်းရောင်" စာကြည့်တိုက်နှင့် အောင်ပန်းမြို့ရှိ" ရာပြည့်စာကြည့်တိုက် " တို့တွင် စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုကော်မတီဝင်၊ ဘဏ္ဍာရေးမှူး ရှမ်းပြည်နယ် တာဝန်ခံ ဦးဝင်းအောင်က စာအုပ်စာစောင်များ လှူဒါန်းပေးရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဉက္ကဋ္ဌ ဒေါ်မေမေနီက ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဒုတိယဉက္ကဋ္ဌ ဦးကိုကိုကြီးက စာကြည့်တိုက်များတွင် စာဖတ်သူတိုးပွားရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကလောမြို့နယ်၊ ကမ္ဘားနီကျေးရွာရှိ "ပညာအလင်းရောင်" စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ် ၁၅၀ အုပ် တို့ကို မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုကော်မတီဝင်၊ ဘဏ္ဍာရေးမှူး၊ ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင်များက ပေးအပ်ခဲ့ရာ ကမ္ဘားနီကျေးရွာ "ပညာအလင်းရောင်" စာကြည့်တိုက်တာဝန်ခံ ဆရာတော်ဦးပညာဝံသနှင့် ကော်မတီအဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး စာအုပ်စာစောင်များ လှူဒါန်းပေးမှုအပေါ် စာကြည့်တိုက်တာဝန်ခံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့သည် အောင်ပန်းမြို့ရှိ ရာပြည့်စာကြည့်တိုက်မှ ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ သုတ၊ ရသစာအုပ်စာစောင် ၁၀၁ အုပ်ကို ရာပြည့်စာကြည့်တိုက်အတွက် ပေးအပ်ခဲ့ရာ ကော်မတီအဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)