တောင်ဥက္ကလာပ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့မှ အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များ ပြင်ပသို့အကြောင်းမဲ့ သွားလာခြင်းမရှိစေရေး အသိပေးစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါစစ်ဆေးမှုတွင် တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းနှင့် သခွပ်ပင်လမ်းဆုံတွင် သွားလာနေသော ယာဉ်များအား ရပ်တန့်စေပြီး မိသားစုကျန်းမာရေး၊ စားသောက်ရေး၊ ဈေးဝယ်ခြင်း ကိစ္စများစသည့် အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်း မရှိစေရေး ယာဉ်များအား တားဆီးပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)